ရှားပါးပြီးလေးစား တန်ဖိုးထားလောက်တဲ့ သူရဲကောင်းဘွဲ့ရ မီးအိမ်ရှင် ဆရာဝန်

ရှားပါးပြီးလေးစား တန်ဖိုးထားလောက်တဲ့ သူရဲကောင်းဘွဲ့ရ မီးအိမ်ရှင် ဆရာဝန်

December 10, 2019 Admin Kwee LIFESTYLE Comments Offon ရှားပါးပြီးလေးစား တန်ဖိုးထားလောက်တဲ့ သူရဲကောင်းဘွဲ့ရ မီးအိမ်ရှင် ဆရာဝန်
လက ကမ္ဘာမြေကို အလင်းနဲ့ အေးမြမှုပေးပါ တယ်။ မိုင်ပေါင်းများစွာ အကွာအဝေးတွင် ရှိနေသော်ငြား ကမ္ဘာကြီးပေါ်က လူသားတွေဟာ လဆီက အလင်းကြောင့် စိတ်ချမ်းမြေ့ကြရတယ်။ ပျော်ရွှင်ကြ ရပါတယ်။
မွေးဖွားတဲ့ဒေသ၊ ရှင်သန် ကြီးပြင်းရာနေရာ စသည်ဖြင့် ခရီး မိုင်တိုင်များစွာ ကွဲပြားနေပေမယ့်လူ့အဖွဲ့အစည်းကို ပြုံးပျော်ရွှင် မြူးစေတဲ့ လူသားသူရဲကောင်း တွေလည်း ရှိနေပါတယ်။
ဒေါက်တာသန်းမင်းထွဋ်
ပင်းတယဆေးရုံအုပ်ဆရာဝန်ကြီး ဓနုမြေ ပင်းတယရဲ့ မီးအိမ်ရှင်
၂၀၁၁ မှာ ပင်းတယဆေး ရုံအုပ်ကြီးအဖြစ် ပြောင်းရွှေ့ လာခဲ့တယ်။ ပင်းတယမတိုင်ခင်မှာ သခင်သန်းထွန်း တောခိုရာ နေရာအဖြစ် လူသိများခဲ့တဲ့ ပဲခူး ရိုးမရဲ့အခြေ ပေါက်ခေါင်းမြို့မှာ လက်ထောက်ဆရာဝန် ဘဝနဲ့ ခြောက်နှစ်ကျော် တာဝန်ထမ်း ဆောင်ခဲ့တယ်။ ပြည်သူ့ဝန်ထမ်း တို့ရဲ့ သဘောသဘာဝအတိုင်း ပြောင်းရွှေ့ဖို့ အစိုးရက စီစဉ်ခဲ့ပေ မယ့် ပဲခူးရိုးမသားတွေဟာ သူတို့ ရဲ့လက်ထောက်ဆရာဝန်ကို သုံး ကြိမ် သုံးခါတိတိ တားဆီးခဲ့ကြ တယ်။ အစိုးရကလည်း အကြိမ် ကြိမ် လိုက်လျောခဲ့ပါတယ်။ ဒါပေမဲ့ လောကသဘာဝအတိုင်း ဘယ်အရာမှ မတည်မြဲသလို ပေးအပ်တဲ့ တာဝန်တွေကြားက လက်ထောက်ဆရာဝန်လည်း ရိုးမဒေ သကို စွန့်ခွာဖို့ ဖြစ်လာပါတယ်။
နိုင်ငံရေး အပြောင်းအလဲ တွေ အများကြီးဖြစ်လာတဲ့ ၂၀၁၁ခုနှစ်။ ပေါက်ခေါင်းဆေးရုံက လက်ထောက်ဆရာဝန်ဟာ ရာထူးတိုးပြီး ဆေးရုံအုပ်ဘဝနဲ့ ပင်းတ ယကို မဖြစ်မနေ ပြောင်းရွှေ့ဖို့ ဖြစ်လာတဲ့အခါ ပဲခူးရိုးမဟာ မီး အိမ်ရှင်ကို ဝမ်းနည်းပက်လက် နှုတ်ဆက်လိုက်ရပါတယ်။
‘‘ကျွန်တော် ပေါက်ခေါင်းမှာ ခြောက်နှစ်ခွဲ ကြာတယ်။ ကျွန် တော့်ကို ပေါက်ခေါင်းဒေသခံတွေက အပြောင်းမခံတာ။ ဆွဲရင်း၊ ဆွဲရင်း၊ ဆွဲရင်းနဲ့ ခြောက်နှစ်ခွဲအထိ ဖြစ်လာပြီး နောက်ဆုံးမဖြစ်တော့ဘူးဆိုပြီး လွှတ်လိုက်ကြတာ’’
ချစ်ခြင်းမေတ္တာကို စိုက်ခဲ့သည့်အတိုင်း ပြန်ရိတ်သိမ်းနိုင်ခဲ့တဲ့ ရိုးမထဲက အတိတ်ဖြစ်ရပ်ကို ဒေါက်တာသန်းမင်းထွဋ်က ပြန် ပြောချိန်မှာ အတိတ်ကို လွမ်းဆွတ် နေဟန် ပေါ်လွင်နေပါတယ်။
ဒီလိုနဲ့ မီးအိမ်ရှင်ဟာ ဓနုမြေမှာ ထွန်းလင်းဖို့ ဖြစ်လာခဲ့တာပါ။ ၂၀၁၁ စက်တင်ဘာ ၂၆ ရက် မနက် ၅ နာရီမှာ ဓနုမြေကို စတင် ခြေချခဲ့ပါတယ်။
တောင်ပေါ်ဒေသ ပင်းတယ ရောက်တဲ့အခါ ဒေါက်တာသန်း မင်းထွဋ် ဦးဆောင်တဲ့ ပင်းတယ ဆေးရုံဝန်ထမ်းတွေဟာ ပေပေါင်း ထောင်ချီတဲ့ တောင်တွေပေါ် တက်ခဲ့တယ်။ မြို့ပြရဲ့အဝေးမှာ အသားကျနေကြပြီး တစ်သီးတခြားနေတတ်တဲ့ ရိုးသားသော တောင်ပေါ်သူ၊ တောင်ပေါ်သား တွေကို အရိုးသားဆုံး ပြုံးပြခဲ့ တယ်။ နွေးတဲ့လက်တစ်စုံနဲ့ ထွေး ပွေ့ဖေးမခဲ့တယ်။ တောင်ပေါ် ဒေသလေးဟာ မြေပြန့်က လာခဲ့တဲ့ ဆရာ့ရဲ့ နွေးထွေးမှုတွေကို ခပ်မြန်မြန် ရရှိခဲ့ပါတယ်။
‘‘The best medicine in the world is smile.’’ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆေးဝါးက အပြုံးပါ ပဲလို့ ပင်းတယမီးအိမ်ရှင်က ခံယူ ထားပါတယ်။
မီးအိမ်ရှင်တွေ့ခဲ့တဲ့ ဓနုမြေ ပင်းတယရဲ့ ကနဦးစာမျက်နှာ တွေက ဒီလိုပါ။
‘‘ကြက်ဆူတွေ ချုံထလို့ ဝင်ပေါက်တောင် မမြင်ရတဲ့ဆေးရုံ၊ ဝင်ပေါက်ပျောက်နေလို့ မနည်းရှာ ရတဲ့ ဆေးရုံ၊ အတွင်းလူနာငါးဦး နဲ့ ၁၀ ဦးသာရှိနေခဲ့တဲ့ ဆေးရုံ၊ မိုးရွာရင် လူနာတွေ ခုတင်ပတ် ပတ်လည်မှာ ရေခွက်လေးတွေ ခံထားရတဲ့ ဆေးရုံ’’
ပင်းတယကို ရောက်တဲ့ ခုနစ် နှစ်မြောက်မှာ တောင်ပေါ်ဒေသ က ဆေးရုံလေးရဲ့ အတိတ်တစ် ချိန်က ချို့တဲ့မှုကို ဒေါက်တာ သန်းမင်းထွဋ်က ပြန်သတိရနေခဲ့ တာပါ။
အခုတော့ ပဉ္စလက်လှည့် ကွက်တစ်ခုလို အရာရာပြောင်း လဲသွားပါပြီ။ ပင်းတယကို လွန်ခဲ့တဲ့ ခုနစ်နှစ်က နောက်ဆုံးရောက်ခဲ့သူ တစ်ယောက်အနေနဲ့ ဒီနေ့ ပြန်ရောက်သွားမယ်ဆိုရင် ဒါအိပ်မက်လား၊ တကယ်လားဆိုတာမျိုး တွေးရစေအောင် ဓနုမြေက ကြို ဆိုနေပါလိမ့်မယ်။
ပင်းတယရဲ့ ရွှေဥမင်ဒေသ ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဆေး လိပ်ငွေ့ကင်းစင်ဒေသ။ ပင်းတယ မြို့လေးဟာ မြန်မာနိုင်ငံမှာ ပထမဆုံး မသန်စွမ်းသူများ အဆင်ပြေ စွာ သွားလာနိုင်သောမြို့ အစရှိတဲ့ ဂုဏ်ပုဒ်တွေနဲ့ လှပနေပါပြီ။ နောက်ပြီး ပင်းတယရဲ့ ပထမဆုံး ဘိုးဘွားရိပ်သာ။
7Day သူရဲကောင်းဆုနှင့်အတူ တွေ့ရသော ဒေါက်တာသန်းမင်းထွဋ် (ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ))
နှလုံးသားလှသူတွေဟာ လူ့အဖွဲ့အစည်းထဲက လိုအပ်နေတဲ့ ကွက်လပ်တွေကို မြင်တတ်ကြ သလို ဖြည့်ဆည်းနိုင်ဖို့လည်း အမြဲ ကြိုးစားတတ်ကြပါတယ်။ တောင်ပေါ်ရွာလေး တစ်ရွာကို ဆေးကုထွက်ရင်း တစ်ယောက် တည်းနေပြီး အာဟာရပြတ် သေဆုံးနေတဲ့ အဘွားအိုတစ်ယောက်ကို ဒေါက်တာက တွေ့ရတဲ့အခါ ပင်းတယရဲ့ ပထမဆုံး ဘိုးဘွားရိပ်သာ ဖွင့်နိုင်ရေးအားထုတ်ခဲ့ပါ တယ်။ ဓနုမြေက အမှီအခိုမဲ့ ဘိုးဘွားတွေဟာ ဒေါက်တာသန်းမင်းထွဋ် စတင်တည်ထောင်ခဲ့တဲ့ ရိပ်သာကြီးထဲမှာ အခုတော့ နွေးထွေးလုံခြုံနေကြပါပြီ။
အရင်က ပါးပါးလျားလျားသာရှိခဲ့တဲ့ ကျေးလက်ဆေးပေး ခန်းတွေဟာလည်း အစိုးရဘတ် ဂျက်ရော ဒေါက်တာရဲ့ အလှူခံ လို့ရတဲ့ အလှူငွေတွေ အားနဲ့ပါ ဖြည့်ဆည်းလိုက်တဲ့အခါ ဓနုမြေရဲ့ ဟိုနေရာဒီနေရာမှာ ကျေးလက် ဆေးပေးခန်းလေးတွေ အလျှိုအလျှိုတွေ့နေရပါပြီ။ မီးအိမ်ရှင်နားခိုခဲ့ရာ ပင်းတယဆေးရုံက တော့ လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်ကလို ချို့ချို့တဲ့တဲ့ မဟုတ်တော့ ပါဘူး။
ဓာတ်ခွဲခန်းတွေ၊ လူနာနားနေဆောင်တွေ၊ အစည်းအဝေးခန်းမတွေနဲ့အတူ ဆေးရုံတစ်ရုံရဲ့ သရုပ်သကန်တွေနဲ့ ပြည့်စုံနေပါ ပြီ။ မြို့ကိုလာဖို့မရဲတဲ့ တောင်ပေါ်သူ၊ တောင်ပေါ်သားတွေဆီရောက်ဖို့ ပေထောင်ချီတဲ့ တောင်တွေပေါ် ဖိ နပ်ခါးကြားထိုးတက်ပြီး ဆေးကုပေးခဲ့တာ ခုနစ်နှစ်အတွင်းအကြိမ်ရေ ၃၀၀ နီးပါး။ လူဦးရေ ၅၀,၀၀၀ ကျော်ကို အလှူရှင်တွေရဲ့ စေတနာငွေအားနဲ့ အခမဲ့ဆေး ကုပေးခဲ့တယ်။
တောင်ပေါ်ရွာတွေဆီ ဆေးကုထွက်ရင်း ဝေးလံခေါင်သီတဲ့နေရာက စာသင်ကျောင်းမရှိတဲ့ ရွာလေးတွေ တွေ့တဲ့အခါ အရေးကြီးတဲ့ ကွက်လပ်ကိုဖြည့်ဖို့ မီး အိမ်ရှင်က ဆုံးဖြတ်ပါတယ်။ ဖြေရှင်းဖို့အဖြေရှာတယ်။ ဇွဲထက် သန်တဲ့အခါ ရလဒ်ကောင်းက ခပ်မြန်မြန်ထွက်လာပါတယ်။ အလှူရှင်တွေအားကို စုစည်းပြီး စာသင်ကျောင်းတွေ ဆောက်လုပ်ပေးခဲ့ ပါတယ်။ ကျောင်းတချို့မှာ အစိုးရဝန်ထမ်းမဟုတ်တဲ့ ဆရာမတွေကို လစာပေးနိုင်ဖို့ တာဝန်ယူထား ပါတယ်။ ၂၀၁၆ မှာ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းခံရတယ်။ ချီးမြှင့်တဲ့ ငွေကြေးတွေကို အသုံးပြုပြီး ပြည်သူ့ဂုဏ်ရည် မီးအိမ်ရှင်စာကြည့်တိုက်ကို ထူထောင်ခဲ့ပါ တယ်။ အခုဆိုရင် အဲဒီစာကြည့်တိုက်မှာ စာအုပ်လာငှားသူ၊ စာလာဖတ်သူတွေနဲ့ ဝေစည်နေပါ ပြီ။
‘‘တိုင်းရင်းသားတွေ ပညာတတ်မှ လူနေမှုဘဝ မြင့်တက်မှာ လေ’’
ပရဟိတဆရာဝန်က ပညာရေးအတွက် ကျောင်းတွေဖွင့်ခဲ့ တာဟာ တောင်ပေါ်ဒေသရဲ့ လူနေမှုအဆင့် အတန်းမြှင့်တင်ခြင်းလို့ ယုံကြည်ထားပါတယ်။
ပင်လယ်ရေမျက်နှာပြင် ထက် ပေ ၃,၈၀၀ ကျော်မြင့်တဲ့ ပင်းတယဒေသက နွေဆိုရင် သောက်သုံးရေ ရှားပါးလို့ ဒေသခံ တွေ အခက်ကြုံရတဲ့ ဒေသပါ။ အဲဒီသဘာဝကို မီးအိမ်ရှင်ရဲ့ စေတနာအားနဲ့ ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ဒေသမှာရှိတဲ့ ပုန်းတလုတ်ကန်ကြီးကို စက်အား၊ လူ အားနဲ့ဆယ်ပြီး ရေသွင်းခဲ့တယ်။ အခုဆိုရင် ဓနုမြေဟာ ရေတစ်ပေါက်အတွက် သောကမပွေရ တော့ပါဘူး။
ဒါတွေကို မီးအိမ်ရှင် ဦးဆောင်တဲ့ အရပ်ဘက်အဖွဲ့အ စည်းတွေနဲ့ ဒေသတွင်း တာဝန် ရှိသူတွေက နှစ်နဲ့ချီ ကြိုးစားခဲ့ကြ တာပါ။ အဲဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပြီး မဆုတ် မနစ် စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အောင်မြင်ရလဒ်အဖြစ် ယုံကြည် ထားပါတယ်။
မြို့ကြီးပြကြီးနဲ့ ဝေးတဲ့ တောင်ပေါ်ဒေသလေးရဲ့ အမော ကို ကျားကုတ်ကျားခဲဖြေရှင်းပေး နေတဲ့ ပင်းတယဆေးရုံအုပ်ကို 7Day Journal က ၂၀၁၄ မှာ တွေ့ရှိခဲ့ပြီး အဲဒီနှစ်ရဲ့ 7Day Heroဆု ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။ လူ့အဖွဲ့အစည်းကြားမှာ ကျရာကဏ္ဍကနေ ကိုယ်ကျိုးမဖက်ဘဲ တာဝန်သိသိ၊ သတ္တိရှိရှိ၊ အများပြည်သူအကျိုးအတွက် အနစ်နာခံစွမ်းဆောင်ကြသူကို ရှာဖွေပေး အပ်ချီးမြှင့်တဲ့ 7Day Hero ဆုအတွက် ဒေါက်တာက ဂုဏ်ယူနေပါတယ်။
သက္ကရာဇ်တွေ ပြောင်းလာခဲ့တယ်။ ပြောင်းလဲခြင်းရဲ့ သဘာဝအတိုင်း အချို့သောအခြေအနေတွေက ပြောင်းလဲဖို့ ဖြစ်လာခဲ့တယ်။ ပင်းတယကို ခွဲခွာပြီး တခြားဒေသမှာ တာဝန်ထမ်း ဆောင်ဖို့ မိခင်ဌာနဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြား တယ်။ ပထမတစ်ကြိမ်၊ ၂၀၁၃ သူတို့ချစ်တဲ့ မီးအိမ်ရှင်ကို ပြောင်း ရွှေ့မပေးဖို့ ဓနုမြေက လူ ၃,၀၀၀ကျော် လက်မှတ်ထိုး တောင်းဆို တယ်။ ဝန်ကြီးဌာနက လိုက်လျော ခဲ့တယ်။
ဒုတိယအကြိမ်၊ ၂၀၁၅ လူဦးရေ ၂၀,၀၀၀ ကျော်က ကန့်ကွက်ပြန်ပါတယ်။ တတိယအကြိမ်၊ ၂၀၁၇ ကျန်းမာရေးဝန်ကြီးရဲ့ ရှမ်းပြည်နယ်ခရီးစဉ်မှာ ဒေသခံတွေက တိုက်ရိုက်ပြော တောင်းဆိုတယ်။ ၂၀၁၈ နိုဝင်ဘာလမှာတော့ စတုတ္ထအကြိမ် မြောက် ပြောင်းရွှေ့မိန့် ပင်းတယမြေကို ရောက်လာတယ်။ ဒီတစ်ခါမှာတော့ ဓနုမြေဟာ တိုးတိတ်ငြိမ်သက်နေတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာပေါ်မှာ တွေ့ရတဲ့ မြို့အမည်က မီးအိမ်ရှင်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့။
တောင်ပေါ်မြေကို လှပစေခဲ့တဲ့ မီးအိမ်ရှင်ရဲ့ မွေးဖွားရာ မွေးရပ်မြေကို ကျေးဇူးဆပ်ဖို့အခွင့်ရ ပါစေဆိုတဲ့ ဓနုမြေရဲ့ နှလုံးသား က လှပလွန်းပါတယ်။ ဒါပေမဲ့ချစ်သူခင်သူကို ခွဲခွာရမယ့်အရေးအတွက် ဓနုမြေဟာ ကြိတ်မှိတ် ငိုကြွေးနေပါတယ်။
‘‘ဓနုမြေအတွက် ရွှေတောင် ကြီး ပြိုသွားပါပြီ’’
ဓနုတိုင်းရင်းသူကြီးတစ် ယောက်က ပြောရင်းငိုပါတယ်။ပင်းတယဆေးရုံမှာရှိနေတဲ့ နိုဝင်ဘာရဲ့ လက်ကျန်ရက်တွေမှာ လည်း မီးအိမ်ရှင်ဟာ ဓနုမြေကို ခွဲသွားရမယ့်အရေး နာကျင်နေပါတယ်။ ဒေါက်တာသန်းမင်းထွဋ်က ဓနုမြေရဲ့ (၂၈၃)ကြိမ်မြောက် အခမဲ့ဆေးကုသခရီးကို တောင်ပေါ်ရွာလေးတစ်ရွာဆီ မကြာမီက သွားခဲ့ပါတယ်။ မီးအိမ်ရှင်ဟာ ဆေးကုသပေးနေရင်း ထိန်းမရတဲ့ မျက်ရည်စတချို့ ပါးပြင်ပေါ် ဝေ့သီကျဆင်းလာပါတယ်။ ဆေးကုသမှုခံယူကြမယ့် ဓနုတိုင်းရင်းသား ကြီးကြီး၊ ငယ်ငယ်အားလုံးဟာလည်း မျက်ရည်တွေနဲ့။
ဒေသခံတွေစုစည်းပြီး သူတို့ရဲ့ ကျေးဇူးရှင် ဆရာဝန်ကြီးအတွက် သီချင်းတစ်ပုဒ် စပ်ဆိုခဲ့ပါတယ်။ ဒေါက်တာမီးအိမ်ရှင်ဆိုတဲ့ အဲဒီသီချင်းမှာ ‘နှုတ်မဆက်ပါ၊လက်မပြပါ၊ ထာဝစဉ်ရှိနေမယ် ရင်ထဲမှာ’လို့ ဝမ်းနည်းလှိုက်မော နေတဲ့အသံနဲ့ သီဆိုထားပါတယ်။
ဓနုမြေအတွက် တစ်ခွန်းပဲ ပြောဖို့ အခွင့်အရေးရမယ်ဆိုရင် ဘာပြောချင်ပါလဲ ဒေါက်တာဆိုတော့ မီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်က ဆယ်စက္ကန့်ခန့် ငြိမ်ကျသွားပါတယ်။
ပြီးတော့ စကားတစ်ခွန်းကို လေးလေးနက်နက် ဆိုပါတယ်။
‘‘ကျွန်တော် … ကျွန်တော် ပင်စင်ယူပြီးရင်တော့ ပင်းတယ မြို့ကို ပြန်လာခဲ့မယ်’’
မွေးရပ်မြေမှာလင်းလက်ပြီး တာဝန်တွေပြီးဆုံးတဲ့ တစ်နေ့မှာတော့ မြစ်ဝကျွန်းပေါ်သား မီးအိမ်ရှင် ဆရာဝန်ဟာ သူ့နှလုံးသားမြှုပ်နှံထားရာ ဓနုမြေကို ပြန်မယ်လို့ အသေအချာ ပြောပါတယ်။ ။
Credit – 7 day daily

https://thadinyatkwat.com/archives/14335

Published by Marshmallow

Marshmallow Android is BT Ireland’s Head of Sales for Republic of Ireland domestic multi-site companies, indigenous MNCs and public sector accounts. He is responsible for the direction and control of all sales activity in the region. He has over 10 years management experience from high growth start-ups to more established businesses. He’s led teams in Ireland, India and China across various industries (ICT, On-Line Recruitment, Corporate Training and International Education).