သိန်းထောင်ငါးရာကျော်တန်

သိန်းထောင်ငါးရာကျော်တန်

မနေ့က ညီမငယ်တစ်ယောက်
ပို့စ် တစ်ခုတင်ထားတယ်
ဒီအရွယ်ရောက်နေပြီ မိဘကို ပြန်မကြည့်နိုင်ဘူး
ပိုက်ဆံမရှာနိုင်သေးဘူး
ဘာညာပေါ့

ကိုယ်တွေလဲ ၀င်အားပေးခဲ့တယ်
ညီမရေ နင်တို့အသက်နှစ်ဆယ်ကျော်နဲ့
မရှာနိုင်တာ မပြောနဲ့
ငါတောင် သုံးဆယ်ရှိပြီ
အိမ်ကနေ လက်ဖြန့်တောင်းနေရတုန်းပဲ လို့

ညနေကျတော့ သူငယ်ချင်းတစ်ယောက်ရဲ့
ပို့စ်တစ်ခု ထပ်တွေ့သည်
ပို့စ်က ဒီလို …

ယုံကြည်ချက် မှေးမှိန်နေဆဲလော …
၆ တန်းနဲ့ထွက်ခဲ့ရတဲ့
အသိတစ်ယောက်က
မက်မန်းသီးထုတ်လုပ်ငန်းနဲ့
သိန်းထောင်ငါးရာကျော်တန်
မြေနဲ့အိမ်ဝယ်ထားတယ်
ဆယ်တန်း မတတ်နိုင်တော့လို့
ကားဝပ်ရှော့မှာဝင်လုပ်တဲ့
သူငယ်ချင်းတစ်ယောက်ကတော့
နေပြည်တော်မှာ
ကိုယ်ပိုင်ကားဝပ်ရှော့နဲ့
ခြံနဲ့ အိမ်နဲ့
DSA မရလို့ မင်္ဂလာဈေး
ဈေးကောက်လုပ်ရတဲ့သူကတော့
အမွေဆိုင်အိမ်ကြီးကို
သိန်း ၃၀၀ ကျော်လောက်
တစ်ယောက်တည်းအမ်းလိုက်သတဲ့
သေလိုက်တော့ကွယ်၊
ပညာတတ်ကြီးဖြစ်ဖို့ ပေးခဲ့ရတဲ့အချိန်တွေ၊
နောက်ဆုံးတော့လည်း
အိမ်ကို ခွင့်ပြန်ရမှာတောင်
ကိုယ့်ကိုကိုယ် သိမ်ငယ်နေမိပြီ
တစ်နှစ်နေလို့လည်း တစ်ခါ
မိဘတွေကိုလည်း
ဘုရားလေးဘာလေးတောင်လိုက်မပို့နိုင်ခဲ့
ကြေကွဲဖွယ်
တပ်မတော်ဆရာဝန်အရာရှိဘဝပါ။
ဆုံးဖြတ်ချက်ကပြတ်သားသင့်ပြီ၊
မိမိရဲ့အထွေထွေ လိုအပ်ချက်တွေကြောင့်
(အခြား ဘာယုံကြည်ချက်၊
ခံယူချက်ကြောင့်မှ မဟုတ်)
အနာခံ၍ ထွက်သည့်လမ်းကို ရွေးရပါလိမ့်မည်
အခြားလမ်းကမရှိတော့၊
သေချာတာတစ်ခုကတော့
ကျွန်တော် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို
ဘယ်တုန်းကမှမထိခိုက်စေခဲ့
တရားဝင်ရွေးချယ်ခွင့်
နည်းလွန်းသောအနေအထားတွင်
ခက်ခဲသည့်ရွေးချယ်မှုကို
ရွေးချယ်မှုပြုရတော့မည်သာဖြစ်သည်။

တဲ့ဗျ
ပို့စ်ပိုင်ရှင်က
ကျွန်တော်တို့နှစ်မှာ စာအတော်ဆုံးလူ
ညဏ်ကောင်းလွန်းလို့
ဂျီးနီးယပ် လို့တောင်
ဝိုင်းတင်စားခံရတဲ့သူပေါ့

သူတောင် အဲ့လိုပြောနေမှတော့
ငါ အိမ်ကပြန်တောင်းနေရတာ
မထူးဆန်းပါဘူး လို့တော့
တွေးလိုက်မိသေးတယ် ဟီးဟီး

အဲ့လိုတွေးလိုက်ရင်း
အတိတ်ကို ပြန်စဉ်းစားမိတယ်
ဆယ်တန်းအောင်တုန်းကပေါ့လေ
ရွှေထီးဆောင်းခဲ့စဉ်ကပေါ့

အမှတ်ကောင်းတယ်
ကြိုက်တဲ့တကသိုလ်တက်လို့ရတယ်
ဆိုတော့ကာ
အမျိုးတွေ၊ သူငယ်ချင်းတွေကြားထဲမှာတော့
တကယ့်မင်းသားပဲ

ဘယ်အိမ်သွားသွား
ဟယ် တော်လိုက်တာ
ဘာညာလောက်ကတော့
အမြဲကြားနေကျ၊
အဲ့ကာလကဆို
ခြေထောက်က မြေကြီးနဲ့မထိချင်

ဝါသနာပါတာက စစ်အင်ဂျင်နီယာ
ငယ်ငယ်ကတည်းက
တင့်ကားတွေ လေယာဉ်တွေဆို
လွှတ်ကြိုက်တာ
သို့သော်
အဲ့သည့်ကာလက
ဆေးတကသိုလ်မှ မရောက်ရင်
လူစဉ်မမှီသလို
အမှတ်ပဲ နှမြောရမလိုလို
peer force တွေက
အရမ်းများတော့
ဆေးကျောင်းပဲ ရောက်လာပါတော့တယ်
ကမာပေါ်မှာ မြန်မာပြည်က ဆေးပညာဘွဲ့ဟာ
အမြင့်ဆုံးလို့ ထင်ခဲ့တဲ့ကာလတွေပေါ့

ဒီလိုနဲ့ ဆေးကျောင်းရောက်၊
စာမေးပွဲကျတဲ့အခါ ကျ
အောင်တဲ့အခါ အောင်
လိမ်ဖယ်၊ လိမ်ဖယ် နဲ့ ဘွဲ့ရသွားပါတော့တယ်

အဲ !!! ဇာတ်လမ်းက
ဘွဲ့ရသွားတော့မှ စ ပါတော့တယ်

အရင်တုန်းက
(ဆိုရှယ်လစ်ခေတ် လောက်ထိပေါ့နော်)
ဆရာဝန်ဆိုတာ လက်ဖျားငွေသီး
မျက်နှာပွင့်၊
လူတွေက မြင်တာနဲ့ ထိုင်ကန်တော့ချင်၊
ခြေကြွတာကအစ ငွေရ၊
တပ်မတော်အရာရှိဆိုတာကလည်း
ထိုနည်းလည်းကောင်းပဲ
ပုခုံးပေါ်က အပွင့်က သိပ်မျက်နှာပွင့်တာလေ
ကောင်မလေးတွေငေး၊
အားလုံးက သမက်ဖမ်းချင်
ဘာညာပေါ့
လစာကလည်း ရွှေတစ်ကျပ်သားစာလောက်
ရသေးသဗျား

သို့သော်
သို့သော်
သို့သော်
ကိုယ်တွေ ဘွဲ့ရတဲ့အချိန်မှာ
ခေတ်ကပြောင်းသွားပြီဗျ
မိဘတွေ လက်ထက်နဲ့ မတူတော့ဘူး

ဘယ်လိုပြောင်းသွားသလဲ ဆိုတော့ကာ
ဆိုရှယ်လစ်လိုလို ဘာညာကနေ
ဈေးကွက်စီးပွားရေးစနစ်ဖြစ်သွားတယ်
လူတွေဟာ
အရင်လို စနစ်ဟောင်းထဲမှာ
ပိတ်ဆို့ မနေတော့ဘူး
လမ်းသစ်တွေဖေါက် နိုင်ငံခြားတွေထွက်
စီးပွားရေးတွေလုပ်တယ်၊
Developing nation ဆိုတော့ကာ
Scholar ပေးမယ့်နိုင်ငံတွေ
ကူညီချင်တဲ့ အဖွဲ့အစည်းတွေ
တန်းစီ ပေါ်လာတယ်
ဆယ်တန်းအမှတ်တစ်ခုတည်းကို
ပြုံတိုးရတဲ့ခေတ် တဖြည်းဖြည်း ကုန်လာပြီ

နောက်တစ်ခုက အရေအတွက်၊
အရင်ခေတ်က တစ်နှစ်မှာ ဆရာဝန်တစ်ရာလောက်ပဲ
ထွက်ရာကနေ့
ဒီခေတ်ရောက်တော့ ဆေးကျောင်းငါးခုကနေ
တစ်နှစ်တစ်နှစ်
မွေးလိုက်တဲ့ ဆရာဝန်တွေ
ပလွတ် ပလွတ် နဲ့တောင်
မြည်ဦးမယ်

ဆေးခန်းတွေကလဲ
ဟောတစ်ခု ဟောတစ်ခု
ကွမ်းယာဆိုင်နဲ့ အပြိုင်လား မှတ်ရတယ်

အရာရှိဆိုတာလည်း ရှုလော့
အရင်ခေတ်က တစ်နှစ်မှာ
DSA OTS အလုပ်သင် Other ranks
အားလုံးပေါင်းလိုက်ဦး
ဘာမှ မရှိ
ကျွန်တော်တို့ခေတ်မှာတော့
မဟုတ်ဘူး
စစ်တကသိုလ်တစ်ခုတည်းကပဲ
တစ်နှစ်မှာ အရာရှိ နှစ်ထောင်ကျော်
သုံးထောင်နီးပါး မွေးထုတ်သည်

ပေါများလာလျှင် တန်ဖိုးကျလာသည်ကတော့
လောကနိယာမဖြစ်တာကြောင့်
ကျွန်တော်တို့ ကျောင်းဆင်းခါစ ကာလမှာပင်
ယက်ကန် ယက်ကန် ဖြစ်လာပါတော့တယ်
ပိုဆိုးသည်က
တပ်မတော်မှ ဆရာဝန်များ
အပြင်မှာ တရားဝင်ဆေးခန်းထိုင်လို့ မရ၊
နားလည်မှုနှင့် လွှတ်ထားတာသာ ရှိသည်
တပ်မတော်သားမှန်သမျှ
ပြင်ပလောကတွင် စီးပွားမရှာရ
ဟူသော ဥပဒေသနှင့်ငြိသည်

နောက်တစ်ခုက
ဆေးခန်းထိုင်သည် ဆိုရာတွင်
ဒီနေ့ထိုင်
ဒီနေ့လူနာလာ
ဒီနေ့ပိုက်ဆံရ မဟုတ်

ပထမတစ်ပတ်
လူနာတစ်ယောက်
နောက်တစ်ပတ်
လူနှစ်ယောက် သုံးယောက်
နောက်တဖြည်းဖြည်းများလာ …
လပေါင်းများစွာ
ယုံကြည်မှုတည်ဆောက်ရ၏

ကျွန်တော်တို့မှာကား
ဒီလိုမဟုတ်
ဟော…သင်တန်းပါပြီ
ဟော…ဘယ်ကိုသွားပါဦး
ဟော…Medical Cover
ဟော…
ဟော…
ဆိုတော့ကာ အမြဲ မထိုင်နိုင်၊
လာတလှည့် ပျက်တလှည့်
ဆေးခန်းတွေကို
လူနာတွေကလည်း သိပ်အယုံအကြည်မရှိ

ထိုအချိန်မှာပင် ဇာတ်လမ်းစပါပြီ
မိဘတွေကလည်း
ဘွဲ့ရ အလုပ်ရ ဖြစ်နေသော
သားဖြစ်သူအား
ပိုက်ဆံဆက်ပေးနေရသဖြင့်
သိပ်မယုံကြည်တော့
ဒီကောင် လောင်းကစားတွေများ လုပ်နေလား ???
မကောင်းတဲ့ကောင်မလေးတွေကိုများ
ပေးနေရသလား ???
သူတို့ခေတ်တုန်းက
မိဘကို တိုက်ပြန်ဆောက်
ကားပြန်ဝယ်ပေးနေသော
ဆရာဝန်များကို မြင်ယောင်ပြီး
ချိန်ထိုးကုန်၏

အမှန်က ကိုယ်တွေမှာ
ဖွတ်တက်နေသည်
လစာကမလောက်
ဒီကြားထဲ
ရဲဘော်သစ်စု၊
သင်တန်းတက်၊
ယူနီဖေါင်းချုပ် ဘာညာနဲ့ဆိုတော့
အဆင်မပြေ

မိဘအဆင်မပြေသဖြင့်
ကုန်းရုန်းရှာကြသော သူငယ်ချင်းအချို့တော့ရှိသည်
အများစုကတော့
လိမ်ဖယ် လိမ်ဖယ်သာ

အဆိုပါကာလအတွင်း
ရွယ်တူသူငယ်ချင်းများကြား ခေတ်စားသောစကား ရှိ၏
နောက်ဆုံးဖဲလှန်သည် ဟု ခေါ်သည်
ရှမ်းကိုးမီးတွင်
မိမိက အပွင့်ကောင်း (၈ သို့ ၉)
ဆိုလျှင်
နောက်တစ်ချပ်ထပ်ဆွဲစရာမလို
နဂိုဖဲကိုသာ ကိုင်ထားရုံပင်၊
ဆိုလိုချင်တာက မိဘက ချမ်းသာလျှင်
ခပ်တည်တည်နေလို့ရသည်

အပွင့်မကောင်းပါက
နောက်တစ်ချပ်ထပ်ဆွဲရသည်
မိဘက ထပ်မပေးနိုင်တော့ပါက
ပေးနိုင်သော မိန်းမကို ယူရန်ဖြစ်သည်
ထပ်ဆွဲသည့်ဖဲမှာ ၈ သို့မဟုတ် ၉ ဖြစ်ကာမှ
အပွင့်လှချေပြီ
ဆိုလိုသည်မှာ
ပိုက်ဆံရှိသော မိန်းမ သို့မဟုတ်
လူကြီးသမီး
ကို ယူခြင်းဖြစ်သည်

ဒီကောင်က တတ်နိုင်တာပေါ့
ဒီကောင့်မိန်းမက ကိုး ဟ
ကိုးမှ စပိတ်တစ်နဲ့ကိုး စသဖြင့်
စကားတွေတောင် ပေါ်လိုက်သေးတယ်
ငယ်ရွယ်စဉ်ကာလ
အပြိုင်အဆိုင်များ
ကြွားချင်ဝါချင်စိတ်များတဲ့ကာလမှာ
ရှစ် ကိုး တွေကို
မျက်စိမှိတ်ဆွဲကြသူတွေ
မနည်း

ဝန်ထမ်းဘ၀ဆိုတော့
ရှစ် ကိုး သမားတွေကို
အကြီးအကဲတွေက
မျက်နှာသာပေးသည်
နဂိုရှစ်ကိုးရော၊ ထပ်ဆွဲ ရှစ်ကိုးရော
အလုပ်ထဲမှာ အလွန်မျက်နှာ “ပွင့်” ကြသည်

တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆို ပိတောက်
နယ်က ချစ်သူကို
ပြန်ယူတဲ့ သူငယ်ချင်းတွေလဲ ရှိသည်
သို့သော်
ထိုအချိန်က
အချစ်ကိုကိုးကွယ်သူများမှာ
အလွန် အနှိမ်ခံရသည်
ခွေးထက်မိုက်တယ် လို့တောင်
အပြောခံရသူများလည်း ရှိခဲ့၏

သို့သော်
လူအများစုကတော့ ဘာမှမဆွဲပဲ
လေး ငါးလောက်နှင့် တင်းခံနေကြသည်
ဆိုလိုတာက
မိန်းမ မယူကြ
ရှိတဲ့လစာလေးနှင့် အကြွေးမတင်အောင်နေသည်
တကယ်က ယူချင်သည်
မယူရဲကြတာဖြစ်၏
ကိုယ်တွေက ကုလား ဖြစ်နေချိန်
ထပ်ဆွဲလိုက်လို့
တဖက်ကလဲ ကုလား ဆိုပါက
ဘူမည့်ကိန်းကို ကြောက်သဖြင့်
အတော်များများက မိန်းမ မယူရဲကြ

ယခု မရတော့ချေ
မိန်းမ မယူပါက
ရာထူးမပေး ဟူသော
သတင်းထွက်လာသဖြင့်
ပက်လက်လန်နေကြသည်
အသက်တွေကြီးကာမှ
ဖေ့ဘုတ်ပေါ်တက်ပြီး
ဟိုအချပ်ဆွဲရကောင်းနိုး
ဒီအချပ်ဆွဲရကောင်းနိုး ဖြစ်နေလေတော့သည်

ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်
တစ်ခုကံကောင်းသည်က
အပြိုင်အဆိုင်များသော ကာလတွင်
ဖဲ မဆွဲမိခဲ့ခြင်းဖြစ်သည်

ကျောင်းဆင်းကာစ ရှစ်ကိုး ပြေးဆွဲသူများ
အခြေအနေမကောင်းကြောင်း
သတင်းကြားရသည်
ပိုက်ဆံမရှာနိုင်သဖြင့်
တဖက်မိဘဆွေမျိုးများက မကြည်ဖြူ
ငြူစူလာတာတွေ ရှိသလို
မိန်းမဖြစ်သူကလည်း ကိုယ့်ကို အထင်မကြီး
စိတ်ညစ်
ရုံးကနေမပြန်ချင်
တကယ်ချစ်တာ မဟုတ်လို့
ပြသာနာနည်းနည်းဖြစ်တာနဲ့
ကိုကိုယ်တိုင်က
သည်းမခံနိုင်၊
ဒီကြားထဲ တကယ်ချစ်ရတဲ့သူတွေ ထပ်တွေ့လာ
ဖေါက်ပြန်မိ
အိမ်ထောင်ရေးအဆင်မပြေ
စိတ်ညစ်ရသည်
ပျော်စရာမကောင်းကြပေ

ငွေ နောက်လိုက်တော့
ငွေ ရဲ့ ပျက်ရယ်ပြုခြင်းကို ခံရတာဖြစ်မှာပေါ့လေ

တစ်ရက်က ဂျပန်မှာ အလုပ်လုပ်နေတဲ့
သူငယ်ချင်းတစ်ယောက်နဲ့
အဆက်အသွယ်ရတယ်
သူက ဆေးကျောင်း ဒုတိယနှစ်မှာ
စာမေးပွဲကျပြီး ကျောင်းထွက်သွားသူ…
ကျောင်းထွက်ပြီး ဂျပန်ရောက်
ကျောင်းတွေ ဘာတွေဆက်တက်
အလုပ်လုပ်ပေါ့လေ

ဖေ့ဘုတ်မှာ စကားဆက်မိရင်း
သူ့လစာ ပြောပြတော့
ကိုယ်တွေ ငုတ်တုတ်မေ့ …
၂၀၀၄ ခုနှစ်က
သူအိတ်လေးဆွဲပြီး ကျောင်းဝန်းထဲကထွက်သွားတာကို
ကိုယ်တွေအားလုံးက သနားတဲ့အကြည့်နဲ့
အဆောင်ပေါ်ကကြည့်နေခဲ့တာ

ဒါကြောင့်
ကျွန်တော်တို့ဘာသာ ကျွန်တော်တို့
အထည်ကြီးပျက်များ လို့
ကင်ပွန်းတပ်ထားတယ်

Credit #Ko Oo
Credit(Photo)

https://www.fb.com/photograph.php?fbid=1232478633559100&set=a.114024652071176&kind=3

Published by Marshmallow

Marshmallow Android is BT Ireland’s Head of Sales for Republic of Ireland domestic multi-site companies, indigenous MNCs and public sector accounts. He is responsible for the direction and control of all sales activity in the region. He has over 10 years management experience from high growth start-ups to more established businesses. He’s led teams in Ireland, India and China across various industries (ICT, On-Line Recruitment, Corporate Training and International Education).